တနင်္ဂနွေနေ့, ဇန္နဝါရီလ 29, 2012
နောက်ဆုံးရေးသားချိန် - ဗုဒ္ဓဟူးနေ့, 25 ဇန္နဝါရီလ 2012 GMT +6:30

“ဗိုက်မှောက်နေရသည့် ဘဝများ” အစီရင်ခံစာ ဖြန့်ချိ

(ဧရာဝတီ) “ဗိုက်မှောက် နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာ ဆရာများအား ရှင်းလင်းခြင်းနှင့် ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များကလပ် (F.C.C.T) တွင် ကျင်းပခဲ့သည်။

လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက်၊ မြန်မာနိုင်ငံ (ND - Burma) မှ ထုတ်ဝေသော ယင်း အစီရင်ခံစာသည် နအဖ စစ်အစိုးရ လက်အောက်တွင် မတရား အခွန် ကောက်မှုများ၊ ခြစားမှု များကြောင့် ဒုက္ခ ပင်လယ်ဝေ နေရသော မြန်မာပြည်သူများ၏ ပကတိ ဖြစ်စဉ်ကို နိုင်ငံအဝန်း လက်လှမ်းမှီ သရွေ့လေ့လာ တင်ပြထားခြင်း ဖြစ်သည်။

အုပ်ချုပ်ခံ ပြည်သူလူထု တရပ်လုံး အတိဒုက္ခ ရောက်နေရပြီး စစ်ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ဆွေမျိုး အသိုင်းအဝန်း များကသာ ကြီးပွားပြီးရင်း ကြီးပွားချမ်းသာ နေကြသည် ဆိုသည့် အချက်ကို နိုင်ငံတကာ အသိုင်းအဝန်းမှ သိရှိလာစေရန် မီးမောင်း ထိုးပြသည့် အနေနှင့် ဤအစီအရင် ခံစာကို ဖြန့်ချိသည်ဟု ND-Burma အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ မလွေးဒါန်းဇျား (မလိုည်းဒါန်းဇျား) ဆိုသည်။

“ကျမတို့မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အခွန်ကောက်ခံခြင်းမျိုး ကျင့်သုံးနေပါတယ်။ သူတို့ ကောက်နေတာက ဝင်ငွေ ဘယ်လောက်ရှိရင် ဘယ်လောက်အခွန်ဆောင်ရမယ် ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိဘူး။ အစိုးရက တရားဝင် ရာဖြတ်တွေ ဘာတွေနဲ့ ကောက်တာ မဟုတ်ဘူးလေ။ အခွန်ဦးစီးက တကယ်စည်းကျပ်ထားတာကို လာကောက်တာ မဟုတ်ဘဲနဲ့ ကြံ့ဖွံ့ကလည်း လာကောက်တယ်။ ရယက၊ ရဲနဲ့ စစ်သားကလည်း ကောက်တယ်။ အဖမ်းခံရမှာကို ကြောက်လို့ မပေးနိုင်လည်း ပေးနေကြရတယ်။ ဒါကို နိုင်ငံတကာက သိစေဖို့ ဒီအစီရင်ခံစာကို ထုတ်ဝေခြင်း ဖြစ်ပါတယ်” ဟု၎င်းက ရှင်းပြသည်။

ယနေ့ အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် အင်္ဂလိပ်ဘာသာနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် ၂ ဦး၊ မြန်မာဘာသာနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် ၂ ဦး ထားရှိသည်။

ရှင်းလင်းပွဲတွင် ND-Burma အဖွဲ့မှ ကိုဟန်ကြီး၊ မချယ်ရီဇာဟောင်းနှင့် Dr. Alison Vicary (Researcher at Burma Economic Watch) တို့က ရှင်းလင်းကြပြီး သတင်းထောက်များ သိလိုသည်တို့ကို ဖြကြေား ပေးခဲ့သည်။

Dr. Alison Vicary က “မြန်မာနိုင်ငံအတွက် သင့်တင့် ကောင်းမွန်တဲ့ အခွန်စနစ်တရပ် လိုနေတာတော့ အမှန်ပါပဲ။ ခက်တာက မြန်မာနိုင်ငံဆိုတာ စစ်နိုင်ငံလိုဖြစ်နေတော့ ဘယ်စနစ်မှလည်း လွယ်လွယ်ကူကူနဲ့ အောင်မြင်မယ် မထင်ဘူး။ အခု လုပ်နေတာကတော့ ပြည်သူအတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘဲ စစ်အာဏာရှင် အသိုင်းအဝန်း အတွက် သက်သက်ပဲ အကျိုးများနေတာကို တွေ့ရတယ်” ဟု ဆိုသည်။

စာမျက်နှာ ၁၄၀ ပါဝင်သော အဆိုပါ အစီရင်ခံစာကို အပိုင်း ၃ ပိုင်းခွဲ၍ ရေးသားထားရာ ခေါင်းစဉ်ခွဲများမှာ အခွန်ကောက်ခံရေး စနစ်တရပ်၏ အခြေခံ လက္ခဏာများ၊ မြန်မာနိုင်ငံ အခွန်ကောက်မှု စနစ်၏ စီးပွားရေးအရ အကျိုးသက်ရောက်မှုများ၊ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စနစ်၏ လူ့အခွင့်အရေးအပေါ် စီးပွားရေးအရ သက်ရောက်မှုများ ဟူ၍ဖြစ်သည်။

ဤအစီရင်ခံစာကို ထုတ်ဝေနိုင်ရန်အတွက် ၂၀၀၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံအနှံ့အပြားမှ အချက်အလက်များကို ကောက်ယူ စုဆောင်းခဲ့ကြသည်။

မတရားအခွန်ကောက်မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် နမ်းခမ်းမြို့နယ်မှ ထော်လာဂျီသမားတဦးက “သူတို့က အခွန်ကောက်တဲ့နေရာမှာ ဘာဥပဒေမှ ရှိတာမဟုတ်ဘူး။ သူတို့က အဖွဲ့တွကြေားထဲမှာ ဂိတ်တွေ ဖြန့်ချ၊ ခွဲဖွင့်ပြီး ငွေတောင်းတာပဲ။ ပိုဆိုးတာက တောင်းတဲ့ ပမာဏကို မပေးမနေရဆိုပြီး ငွေလက်ခံရရှိကြောင်း ဖြတ်ပိုင်း လေးတောင် ပေးတာမဟုတ်ဘူး။ ငွေလက်ခံဖြတ်ပိုင်းရှိရင် ကျနော်တို့ အခွန်ဆောင်ပြီးပြီလို့ ပြောလို့ရတယ်” ဟူ၍ ရင်ဖွင့်သည်ကို အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

အလားတူ အခွန်မပေးနိုင်သဖြင့် မိမိရပ်ရွာများကို စွန့်ခွာကာ ထွက်ပြေးသူများလည်း ရှိကြောင်း သံဖြူဇရပ်မြို့နယ်မှ မွန်တိုင်းရင်းသားတဦးက “အလုပ်လုပ်ဖို့ အချိန်လည်းမရှိဘူး၊ သူတို့ကို ပေးစရာ ပိုက်ဆံလည်း မရှိတော့ဘူး။ ထမင်းနပ်မှန်အောင် စားစရာလည်း မရှိတော့ဘူး” ဟု ပြောဆိုသည်ကို အစီရင်ခံစာ၌ ဖော်ပြရေးသားထားသည်။

နအဖ အာဏာပိုင်များသည် လူထုထံမှ အခွန်အခများကို မတရားသဖြင့် နည်းမျိုးစုံနှင့် ကောက်ခံလျက် ရှိသော်လည်း စစ်စရိတ်အတွက် အစိုးရဘက်ဂျက်၏ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုလျက်ရှိပြီး ကျန်းမာရေး လူမှုရေးနှင့် ပညာရေးအတွက် ၅ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုသည်ကို တွေ့ရကြောင်း အစီရင်ခံစာကဆိုသည်။

ND - Burma အဖွဲ့တွင် အဖွဲ့ငယ်ပေါင်း ၁၃ ဖွဲ့ပါရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ အစည်းအရုံး၊ မြန်မာ့ရေးရာအဖွဲ့၊ မြေကမ္ဘာအခွင့်အရေး အပြည်ပြည် ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ လူ့အခွင့်အရေး မှတ်တမ်းတင်ဌာန၊ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)၊ လားဟူအမျိုးသမီး အစည်းအရုံး၊ ပလောင်အမျိုးသမီးအစည်းအရုံး၊ တအောင်းကျောင်းသားလူငယ်များ အစည်းအရုံးနှင့် ရိုးမ (၃) သတင်းဌာနတို့ ဖြစ်သည်။

အခွန်မျိုးစုံကြားကမြန်မာပြည်သားတွေ

ဘီဘီစီ မြန်မာပိုင်း အပတ်စဉ် စီးပွားရေး သုံးသပ်ချက် ကဏ္ဍတွင် "အခွန်မျိုးစုံကြားက မြန်မာပြည်သားတွေ" ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးနှင့် ဉီးဟန်ထွန်း (အခွန်) တို့ ဆွေးနွေးချက် အား ပြန်လည် ဖော်ပြလိုက်ပါသည်။ အောက်တွင် နားဆင်နိုင်ပါသည်။

JavaScript is disabled!
To display this content, you need a JavaScript capable browser.

ဗွီအိုအေ တီဗွီသတင်း

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org