စနေနေ့, ဖေဖေါ်ဝါရီလ 04, 2012
နောက်ဆုံးရေးသားချိန် - ဗုဒ္ဓဟူးနေ့, 25 ဇန္နဝါရီလ 2012 GMT +6:30

ငွေညှစ်ဂိုဏ်းပုံစံ မြန်မာ့အခွန်စနစ်

အပြစ်ရပ် ဗိုလ်ချစ်သူတို့လဲ ချမ်းသာနေကြ (ဓာတ်ပုံ - KHRG)(မဇ္ဈိမ) မြန်မာ့အခွန်စနစ်သည် အလွန်ကြီးမားသော သူခိုးသူဝှက် ဂိုဏ်းကြီးဖြစ်နေပြီး မြန်မာစစ်အစိုးရသည် အခွန်နာမည်ခံကာ ငွေကြေး၊ မြေယာ၊ ပစ္စည်း၊ လုပ်အားတို့ကို လက်လွတ်စပယ် တောင်းယူနေသည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက ယမန်နေ့ကထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကွန်ရက် - မြန်မာနိုင်ငံ (ND-Burma) အစီရင်ခံစာက စစ်အစိုးရသည် `အခွန်ကောက်ခံခြင်းကို အစိုးရ၏ ပုံမှန်တရားဝင် ငွေညှစ်လုပ်ငန်းနှင့် ဖိနှိပ်မှု ကရိယာအဖြစ် ပြောင်းပစ်ခဲ့သည်´ ဟု ဆိုသည်။

ဤအစီရင်ခံစာကို အဓိကပြုစုသူမှာ သြစတြေးလျနိုင်ငံ မက်ကွားရီး တက္ကသိုလ် (Macquarie University) မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Burma Economic Watch) မှ သုတေသီ Dr. Alison Vicary ဖြစ်သည်။

မြန်မာလယ်သမားများ စိုက်ပျိုးထွက်ရှိသမျှ သီးနှံထက်ဝက်ကို အခွန်အတုပ် (သို့) အခကြေးငွေအဖြစ် ယူဆောင်သွားခြင်း ခံရသည်မှာ ပုံမှန်ဖြစ်သည်။ ယင်းငွေဖြင့် သူတို့ကို ဖိစီးနှိပ်စက်နေသော စစ်အစိုးရ ရပ်တည်ရေး ဖြည့်ဆည်းပေးနေရသည် ဟု အဆိုပါ အစီရင်ခံစာက ဆိုထားသည်။

`သူတို့ဖို့ရလွန်းလို့ ကျုပ်တို့ငတ်နေပြီ၊ အကျင့်ပျက် ခြစားထင်ရာစိုင်း မြန်မာ့ အခွန်စနစ်ကြောင့် မြင်သာရန်ခက်သည့် နစ်နာမှုများ` ဆိုသည့် စိတ်ညစ်ညူးဖွယ် အစီရင်ခံစာသည် မြန်မာ စစ်အာဏာပိုင်များက အုပ်ချုပ်ခံ ပြည်သူများအပေါ် မည်မျှဖိစီး နှိပ်စက်နေကြောင်း နောက်ထပ် သတိပေးချက်တရပ် ဖြစ်သည်။

အစီရင်ခံစာပါ တွေ့ရှိချက်တရပ်မှာ `အခွန်ပမာဏ၊ လူထုထံမှ ကောက်ယူသွားသော အရင်းအမြစ် ပမာဏနှင့် စစ်သားပမာဏ ဆက်စပ်နေခြင်းပင်´။

မြန်မာစစ်အစိုးရက တပ်မတော်သားများအတွက် အမျိုးသား ဘတ်ဂျက်ပမာဏ ခွင့်ပြုငွေကို ကန့်သတ်ထားခြင်းကြောင့် စားနပ်ရိက္ခါနှင့် လစာမလုံလောက်သော စစ်သားများက ဒေသခံလူထုနှင့် စီးပွားရေး လုပ်ငန်းရှင်လေးများထံမှ အတင်းအကျပ် ငွေညှစ် တောင်းယူကြတော့သည်။

လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်သားများ စောင့်ကြပ်နေသည့် စစ်ဆေးရေးဂိတ်များကလည်း အခွန်ကောက်စခန်းများ ဖြစ်လာသည်။ သူတို့လုပ်အားကို `လှူ၍´ ယခင်လ အနည်းငယ်က ခင်းထားခဲ့သော လမ်းများပေါ်လျှောက်ရန်ပင် မြန်မာပြည်သူများ နေ့စဉ် ငွေအတော်ကုန်ခံနကြေရသည်။

ဤသို့ငွေတောင်းနေသော အစိုးရအဖွဲ့အစည်းမှာ စစ်တပ်တခုထဲမဟုတ်ပါ။ အစီရင်ခံစာအရ မြန်မာပြည်သူများ အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရာတွင် နေ့စဉ်လိုပင် အခကြေးငွေမျိုးစုံ ပေးနေရသည်။ ထိုငွေပမာဏမှာ မြန်မာနိုင်ငံရှိ သာမန်ပြည်သူတဦး မတတ်နိုင်သည့် ပမာဏ ဖြစ်သည်။

ဆရာတယောက်လစာမှာ နေထိုင်စရိတ်နှင့် ယှဉ်လျှင် အလွန်နိမ့်ကျနေသည့် ကမ်းကုန်အောင်ဆိုးလှသော မြန်မာပညာရေးစနစ်တွင်လည်း တရားဝင်ရော တရားမဝင်ပါ အခကြေးငွေ အမျိုးမျိုးကို ပေးနေရသည်။ ယခုအစီရင်ခံစာတွင် ပလောင်အမျိုးသမီးအဖွဲ့က ၂ဝဝ၉ က ပြုစုခဲ့သော `နမ့်ခမ်းမြို့နယ်တွင် ပညာရေးအတွက် အခွန်ကောက်ခံခြင်း´ ပါ တွေ့ဆုံမေးမြန်းခန်းတခုကို ကောက်နှုတ်ထားသည်။ လူတိုင်း နေ့စဉ်ကြုံနေကျ အကျပ်အတည်းလေး တခုပဲ ဖြစ်သည်။

`ကျမကလေးက ၅ တန်းတက်ရမယ့်နှစ်ဆိုတော့ကျောင်းပြောင်းရတယ်။ ဒါနဲ့ကျောင်းထွက် လက်မှတ်အတွက်ဆိုပြီး ငွေ ၂,၅ဝဝ ပေးရတယ်။ ၅ တန်းကလေးအတွက် ကျောင်းဝင်ခွင့်က ၉,ဝဝဝ၊ ဗလာစာအုပ်အတွက်က ၁,၅ဝဝ၊ သူတို့က လိုသလောက်မရောင်းနိုင်လို့ အပြင်ကလဲ ဝယ်ရသေးတော့ နောက်ထပ် ၁,၇ဝဝ ကုန်တယ်။ စာရေးကိရိယာ၊ ပြဋ္ဌာန်းစာအုပ်ဆိုတာတွေကလဲ အပြင်ဆိုင်တွေကဈေးထက်အများကြီးမြင့်တယ်။

ဒါလဲပေးရသေးတယ်။ ဒီ တော့ငွေအများကြီးကုန်တယ်။ ဒါနဲ့ကျောင်းနှုတ်လိုက်ပြီး သူ့အမနဲ့ ရာဘာခင်းထဲအလုပ်သွားလုပ်ဘို့ လွှတ်လိုက်ရတယ်။ သူ့အမကလဲ ဒီလိုဘဲ ၇ တန်းနဲ့ ကျောင်းထုတ်ထားရတာ´။

ယခုအစီရင်ခံစာတွင် ထင်သလိုငွေကောက်နေသော မြန်မာ့အခွန်စနစ်၏ မယုံနိုင်ဖွယ် အဖြစ်များကို အသေးစိတ်ရေးသားထားသည်။ မှတ်သားလောက်သည့် ကိစ္စတခုမှာ ၂ဝဝ၈ က ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ၂၅ နံပါတ်ဖြင့်စသော တယ်လီဖုံးအသုံးပြုသူများ ဘာအကြောင်းပြချက်မှမရဘဲ တယ်လီဖုံး အသုံးပြုခွင့်ဆက်ရရေးအတွက် ငွေ ၅ သိန်းခွဲစီပေးလိုက်ရခြင်းတည်း။

အခွန်ငွေကောက်ခံရာ၌နောက်ထပ်ရယ်စရာကောင်းသည့် အဖြစ်အပျက်တခုမှာ ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က မိန်းကလေး မွေးသူများကို ကောက်ခံခဲ့သည့် အခွန်ဖြစ်သည်။ အဆိုပါအခွန်ကို ပြည်နယ်အတွင်း မိန်းကလေးမွေးထားသော မိသားစုအားလုံး သမီးမိန်းကလေးတယောက်လျှင် ငွေ ၁,ဝဝဝ နှုန်း ၂ဝဝ၇ ခုက ပေးခဲ့ကြရသည်။

မြန်မာ့အရေးအကဲခတ်များ ယခင်ကပြောခဲ့ကြဖူးသလိုပင် `မြန်မာပြည်တွင်ကောက်ခံနေသော အခွန်များသည် မြန်မာပြည်သူများလိုအပ်နေသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရန်မဟုတ်ပါ။ ယင်းအစား ဗဟိုအစိုးရလက်ခုပ်တွင်းသို့ရောက်သွားသော ငွေအများစုမှာ စစ်တပ်နှင့် သူတို့ကိုကျားကန်ထားသော အဖွဲ့အစည်းများဆီသို့ သာ ရောက်ရှိသွားကြသည်´။

နှစ်စဉ်အမျိုးသားဘတ်ဂျက်ထက်ဝက်ခန့်ကို စစ်တပ်က အတင်းအကျပ် လုယူဓားပြတိုက်နခြေင်းကြောင့် တမျိုးသားလုံးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုကို ကြီးမားစွာထိခိုက်စေခဲ့သည်ဟု အစီရင်ခံစာက နိဂုံးချုပ်ထားသည်။

ယခုအစီရင်ခံစာတွင် ကွင်းဆင်းသုတေသီများက မေးမြန်းထားသော တွေ့ဆုံမေးမြန်းမှုပေါင်း ၃၄၂ ခုပါဝင်ပြီး အစီရင်ခံစာကို အဓိကပြုစုသူ ကိုယ်တိုင် မေးမြန်းထားသည့် တွေ့ဆုံမေးမြန်းခန်းအရှည်ကြီး ၉ ခုလည်းပါဝင်သည်။ ဤအစီရင်ခံစာတွင်ဖော်ပြထားသော အခွန် ကောက်ခံမှု ၈၅ ရာနှုန်းမှာ ၂ဝဝ၈ ခုနှစ်မှ ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည်။

အခွန်မျိုးစုံကြားကမြန်မာပြည်သားတွေ

ဘီဘီစီ မြန်မာပိုင်း အပတ်စဉ် စီးပွားရေး သုံးသပ်ချက် ကဏ္ဍတွင် "အခွန်မျိုးစုံကြားက မြန်မာပြည်သားတွေ" ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးနှင့် ဉီးဟန်ထွန်း (အခွန်) တို့ ဆွေးနွေးချက် အား ပြန်လည် ဖော်ပြလိုက်ပါသည်။ အောက်တွင် နားဆင်နိုင်ပါသည်။

JavaScript is disabled!
To display this content, you need a JavaScript capable browser.

ဗွီအိုအေ တီဗွီသတင်း

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org