သောကြာနေ့၊ 11 နိုဝင်ဘာလ 2011 ခုနှစ် 11 နာရီ 06 မိနစ်
လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) က ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများ မှတ်တမ်းတင်ထားသော အစီရင်ခံစာတစောင် ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံအဝှမ်း ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုအတွင်း အစိုးရ နှင့် ၎င်းထောက်ခံသူများက ကျူးလွန်သော လူ့အခွင့်အရေးချိုဖောက်မှုဖြစ်ရပ် ၂၆၁ ခုကို မှတ်တမ်းတင်ထားသည်။
ညှဉ်းပန်းနှိပ်စက်မှု ချိုးဖောက်မှု ၆၅ ခု၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း ချိုးဖောက်မှု ၅၇ ခု နှင့် ပိုင်ဆိုင်မှု ပစ္စည်းသိမ်းယူခြင်း၊ ဖျက်ဆီးခြင်း ချိုးဖောက်မှု ၄၄ ခုကို မှတ်တမ်းတင်ထားသည်။ အဆိုပါ ချိုးဖောက်မှုများသည် တိုင်းရင်းသား ဒေသများအတွင်း စစ်ရေးအရတိုးချဲ့မှုများ၊ ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် စီးပွာရေး ဖွံ့ဖြိုးမှု စီမံကိန်း ကြီးများကြောင့်ဖြစ်သည်။
" မြန်မာပြည်မှာ ပြောင်းလဲမှုတွေဖြစ်နေတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှ အစိုးရတပ်ဖွဲ့တွေက အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေဆဲပါပဲ။ လက်ရှိအစိုးရ အာဏာရလာတာ တနှစ်ရှိသွားပါပြီ၊ ဒါပေမဲ့ လူ့အခွင့်အရေးအခြေအနေတွေကတော့ လုံးဝတိုးတက် လာခြင်း မရှိသေးပါဘူး။ ဒါကြောင့် မြန်မာအစိုးရက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးနေ ပါတယ်ဆိုတဲ့ အလောသုံးဆယ် အမြင်မျိုး မရှိစေချင်ပါဘူး။" ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)၏ စည်းရုံးလှုံ့ဆော်ရေးအလုပ်အဖွဲ့ ခေါင်းဆောင် ကိုထွန်းဇော်က သုံးသပ်ပြောဆိုသည်။
" အစိုးရက ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေပါတယ်လို့ဆိုတယ်။ တဖက်မှာကြတော့ ကချင်ဒေသထဲကို အစိုးရတပ်တွေ ထပ်စေလွှတ်နေတယ်။ ဒါကိုက ငြိမ်းချမ်းရေး လိုချင်တဲ့ဆိုတဲ့သူတို့စကားကိုက မရိုးသားဘူး လို့မြင်တယ်။ အစိုးရက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တကယ်တမ်းမြှင့်တင် ပေးချင် တယ်ဆိုရင် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာ တခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ထိတွေ့ဆက်ဆံ သင့်ပါတယ်။" ဟု အခြား စည်းရုံးလှုံ့ဆော်ရေး အလုပ်အဖွဲ့ဝင် တဦးဖြစ်သူ မမွန်းနေလီက ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်းတွင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအား လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ယခုအစီရင်ခံစာ သည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပွားသော လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ကိုယ်စားပြုခြင်း မရှိသည်ကို သတိပြုစေလိုပါသည်။
အစီရင်ခံစာအပြည့်အစုံအား http://www.nd-burma.org/reports/item/81-situation-in-burma.html
ပိုမိုသိရှိလိုပါက - ကိုထွန်းဇော် (၆၆) ဝ၈ ၁ ၆၈၀ ၈၉၃၄/ မမွန်းနေလီ (၆၆) ဝ၈ ၅ ၆၂၅ ၁၉၁၂
အခြား ထုတ်ပြန်ချက်များ
- ပန်ဆေးပြည်သူ့စစ်မှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုအပေါ် အာဏာပိုင်များမှ ထိထိရောက်အရေးယူဆောင်ပေးခြင်းမရှိ
- ဒေသခံမိသားစု ၆၃ ရာခိုင်နှုန်းမှာ လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှူံးနေခြင်း
- လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ
- နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့် စတင်ပါ သတင်းထုတ်ပြန်ချက်
- မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်း
- ကျန်းမာရေးဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား သင့်တော်သည့် ဆေးကုသမှုပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို
- ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို
- စစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပြဿနာ တိုးပွားလာခြင်း
- လက်ဖက်စျေးကွက်ပျက်စီးပြီး လက်ဖက်တောင်သူအတိ ဒုက္ခရောက်နေခြင်း သတင်းထုတ်ပြန်ချက်
- အစာငတ်ခံဆန္ဒပြသောနိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက် များအား အကျဉ်းဦးစီးဌာနမှ ရှင်းလင်းချက် အပေါ် အေအေပီပီ၏ တုန့်ပြန်ချက်