တနင်္လာနေ့၊ 07 နိုဝင်ဘာလ 2011 ခုနှစ် 09 နာရီ 11 မိနစ်
Published on November 5, 2011 by နန်းမြနဒီ
မြန်မာပြည်မှာ စက်တင်ဘာလဆန်းပိုင်းက အမျိုးသား လူ့အခွင့်အရေးကို ဖွဲ့စည်းခဲ့ပါတယ်။ကော်မရှင်အဖွဲ့ဝင်တွေဟာ စစ်အစိုးရလက်ထက် ဝန်ထမ်းတွေ ဖြစ်ခဲ့တာကြောင့် ကော်မရှင်ရဲ့ လွတ်လပ်မှုနှင့် သမာသမတ်ကျမှုအပေါ်မှာ မေးခွန်း ထုတ်ခဲ့ကြပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂ လအတွင်း ကော်မရှင်က အနယ်နယ်အရပ်ရပ်က တိုင်ကြားချက်ပေါင်း ၃၀ဝ အထိ လက်ခံရခဲ့ပြီး၊ ၁၀ဝ ကျော်ကိ်ု အရေးယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ခင် ရက်ပိုင်းစောပြီး၊ လူ့အခွင့်ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးဖို့ သမ္မတဆီကို မေတ္တာရပ်ခံတဲ့စာကို သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
နောက်ထပ် ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို ပြန်လွတ်လာဖို့ ကော်မရှင်အနေနဲ့ အစိုးရကို ထပ်မံတောင်းဆိုသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့ကို နန်းမြနဒီက မေးမြန်းထားပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုတွေက သူတို့ရဲ့ အကျဉ်းကျနေတဲ့ ခေါင်းဆောင်တွေကို အမှုကိုပြန်ပြီး စိစစ်ပေးဖို့ တင်ထားတယ်လို့ပြောတယ်။ အဲဒါ ဆရာမတို့ လက်ခံရရှိပြီးပြီလားရှင့်။
“အဲဒီစာရင်းတော့ ကျမဆီမှာ မရှိဘူးရှင့်။ တင်လာတာတော့ တနေ့တနေ့ အများကြီးပဲ ဝင်လာနေတယ်။ ရှိသမျှတော့ အမြန်ရှင်းနေတယ်။”
အခုဆရာမတို့ ဘယ်နှစောင်လောက် ခန့်မှန်းခြေ လက်ခံရရှိပါသလဲ။
“၃၀ဝ ကျော်ရှင့်။ ဒါတောင် မနေ့ကစာရင်းပါ။ ကျမတို့လည်း ဖြေရှင်းပြီးတာတွေ များပါတယ်။ ၁၀ဝ ကျော်တော့ ဖြေရှင်းပြီးပါပြီ။”
အဲဒီ ၁၀ဝ ကျော်ထဲမှာ ယေဘုယျအားဖြင့် ဘယ်လိုအမှုတွေ ပါပါသလဲ။
“ပုဂ္ဂိုလ်ရေးတွေရော၊ သာမန်အခွင့်အရေးရော၊ လူ့အခွင့်အရေးရော သူတို့ရဲ့ မိသားစုကိစ္စ၊ နောက် မြေနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ အစုံပါပဲ။ လူတွေက သိပ်နားမလည်သေးဘူး။ များတယ်ဆိုတာ ဟိုးပြီးခဲ့တဲ့ဟာ အများကြီးတွေ၊ ဆယ်နှစ် အနှစ် နှစ်ဆယ်။ အစုံပဲ။ ပြေလည်အောင်တော့ individually attention (တဦးချင်း အထူးဂရုစိုက်) ပေးပြီး တတ်နိုင်သမျှ ကြိုးစားပြီးလုပ်ပေးနေပါတယ်။”
နောက်ပြန်ဆုတ်တဲ့အမှုတွေမှာ ဘယ်နှနှစ်ထိ လက်ခံလဲရှင့်။ ဥပမာ လွန်ခဲ့တဲ့ ၅ နှစ်လား။ လွန်ခဲ့တဲ့ ၁၀ နှစ်လား၊ အနှစ် ၂၀ လား။
“စောစောကတော့ သတ်သတ်မှတ်မှတ် မလုပ်ရသေးဘူးပေါ့။ နောက်ပိုင်းတော့ ကျမတို့ ရည်ရွယ်ထားတာတော့ ဖွဲ့စည်းပုံကို ရေးဆွဲပြီးတော့ အတည်ပြုတဲ့ referendum (ပြည်သူ့ဆန္ဒခံယူပွဲ) ရှိတယ်။ တိတိကျကျလည်း ပြောလို့မရဘူး။ ဒီနေ့ သတ်မှတ်လို့လည်း မရဘူး။ တချို့ကိစ္စတွေက ဆက်နေတာတွေလည်း ရှိတယ်။”
ဆရာမတို့ ဖြေရှင်းပေးတဲ့ ကိစ္စတွေထဲမှာ ပြည်သူတွေအနေနဲ့ ကျေနပ်မှုရသွားတယ်လို့တွေ့ရပါလား။
“ဒါတော့ ကျမတို့ အပြင်က ပြန်လာတဲ့အသံတော့ သိပ်မသိသေးပါဘူး။ ဒါပေမယ့် သူတို့ဆောင်ရွက်ပေးသမျှတော့ တတ်နိ်ုင်သလောက်တော့ ဆောင်ရွက်ပေးနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်ကပဲ ကိုယ်ကြည့်တာတွေ များတယ်။ ကျမတို့ကတော့ ဘောင်ထဲဝင်တဲ့ဟာကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးတာပဲ။”
ဆရာမတို့ရဲ့ လုပ်ငန်းစဉ်လေးကို အကြမ်းအားဖြင့် ဗဟုသုတအနေနဲ့ ပြောပြပေးပါလားရှင့်။ စာတစောင် ရပြီဆိုရင် ဆရာမတို့ ဘယ်လိုဆက်လုပ်လဲဆိုတာ။
“စာရရင် စာလက်ခံဌာနပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်ပဲ လာပို့ပို့၊ ထုံးစံအတိုင်း စာရင်းလုပ်လိုက်တာပေါ့။ first come first နဲ့ပဲဖောက်ပြီး အဖွဲ့လိုက်ပဲ ထိုင်ဆွေးနွေးပြီးတော့ ပို့စရာရှိတဲ့စာတွေဘာတွေ ပို့ပါတယ်။ ခေါ်ယူမေးမြန်းသင့်တာ လည်း ခေါ်ယူမေးမြန်းပါတယ်။ ဒါတွေလုပ်နေပါတယ်။ စလုပ်တဲ့အခါမှာ တချို့လည်း တကယ်အခွင့်အရေး ရသင့်တဲ့ဟာလား၊ ဘာလားဆိုတာ အားလုံးပဲ လူကြီးတွေ အကုန်လုံးတိုင်ပင် ဆွေးနွေးပါတယ်။ အကုန်လုံးပဲ ဒါကိုလုပ်တဲ့အခါမှာ ဥပဒေကြောင်းလည်း ပါတာပေါ့။ အားလုံးတိုင်ပင်ပြီး ရှိရှိသမျှ ဗဟုသုတတွေနဲ့ ဥပဒေကြောင်းနဲ့ အကုန်လုံး ဆွေးနွေးပြီး ဆောင်ရွက်တာပဲ။”
ဆရာမတို့ဆီကို အမှုတခု တင်တော့မယ်ဆိုရင် ဘယ်လိုအခြေခံအချက်တွေနဲ့ ပြည့်စုံရမလဲ။
“အဲဒါတော့ ကျမတို့လည်း သတင်းစာထဲမှာလည်း ထည့်ပြောထားတယ်။ အဓိက ရည်ရွယ်တာတော့ ၂၀ဝ၈ မှာ အတည်ပြုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခန်း ၈ မှာ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ ရပိ်ုင်ခွင့်ဆိုပြီးတော့ ရှိပါတယ်။ အဲဒါကို မူတည်ပြီးတော့ ဖြေရှင်းပေးဖို့၊ မရရှိသေးတဲ့ အခွင့်အရေးတွေ ရရှိအောင်လို့၊ ဒါပေမယ့် တရားရုံးမှာ တရားသူကြီး ဆုံးဖြတ်ရမယ့် ကိစ္စမျိုးကိုတော့ ပြီးသွားတာပဲ ဖြစ်ဖြစ်၊ တရားစီရင်ရေးရဲ့ စီရင်ပိုင်ခွင့်နဲ့ တရားစီရင်ရေးနဲ့ ဆောင်ရွက်ရမယ့် ကိစ္စဆိုရင် မဆိုင်ပါဘူးလို့ ပြောထားပါတယ်။”
ဆရာမတို့ နိုင်ငံတကာ စံချိန်မီတွေနဲ့ရော ယှဉ်ပြီးတော့မှ လုပ်နေတာလားရှင့်။
“ဟုတ်ကဲ့ရှင့်။ ကျမတို့ အာရှမှာတော့ ကျမတို့ကော်မရှင်ရောဆို ၅ ခု ဖြစ်သွားပြီပေါ့။ ဆယ်နိ်ုင်ငံမှာ။ အဲလိုလုပ်တဲ့နေရာမှာ မလေးရှားတို့၊ အင်ဒိုနီးရှားတို့လည်း သူတို့လုပ်ထားတဲ့ ပုံစံတွေလည်း ကျမတို့ မှီပါတယ်။ ကျမတို့တောင်မှ ပိုပြီးတော့ ပြည့်ပြည့်စုံစုံ လုပ်ပါသေးတယ်။”
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနိ်ုင်မယ်လို့ ဆရာမတို့ မျှော်လင့်ထားလားရှင့်။
“ဟုတ်ကဲ့ အတတ်နိ်ုင်ဆုံးတော့ အတော်လေးတော့ ပြေလည်ပါလိမ့်မယ်။ ဒီလိုပဲ မျှော်လင့်ပါတယ်။”
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ပုံမှန် ဆရာမတို့ ဆောင်ရွက်ခဲ့တာတွေ ရှိသလားရှင့်။
“ကျမတို့ သတင်းစာထဲမှာလည်း ထည့်ထားပါတယ်။ ပြီးခဲ့တဲ့တခေါက်က ရေးထားတယ်လေ။ သမ္မတကြီးထံကို ကော်မရှင်ကနေ အိတ်ဖွင့်ပေးစာ တောင်းဆို ထားတာတွေလည်း တွေ့မိမှာပါ။”
ဒီတခေါက် လွတ်ငြိမ်းချမ်းသာခွင့်မှာ တောင်းလိုက်တာတော့ အကျဉ်းသားတွေ တော်တော်များများ ထွက်လာတာပေါ့။ နောက်ထပ်ကျန်ရှိနေတဲ့ အကျဉ်းသားတွေအတွက်ကော တောင်းဖို့ရှိသလားရှင့်။
“အဲဒါတွေလည်း ကျမတို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။”
Source by : DVB