တနင်္လာနေ့၊ 14 နိုဝင်ဘာလ 2011 ခုနှစ် 12 နာရီ 44 မိနစ်
မြန်မာ လူ့အခွင့်အရေး ကော်မရှင်က နောက်ထပ်အကျဉ်းသားတွေ လွှတ်ပေးဖို့ မေတ္တာရပ်ခံတဲ့ စာတစ်စောင် သမ္မတထံ တင်ပြလိုက်တာကို အစိုးရမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီစာအရတော့ နောက်ထပ် အကျဉ်းသား သုံးရာလောက် လွှတ်ပေးပြီး တစ်ချို့ကိုတော့ ဆက်သွယ်မှုကောင်းတဲ့ နေရာတွေ ပြန်ရွှေ့ပေးမယ့် သဘော ရှိပါတယ်။
နိုင်ငံတော်သမ္မတခင်ဗျား
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အကျဉ်းထောင်အတွင်း၌ ရှိနေသူများအား လွှတ်ပေးရေး ကိစ္စနှင့် ပတ်သက်ပြီး တည်ဆဲဥပဒေကို ချိုးဖောက်လာသဖြင့် အကျဉ်းကျခံနေသူများ အနက် နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့်၊ တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးမည့် အန္တရာယ် မရှိနိုင်သော အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ကြမည် ဖြစ်ပါ၍ နိုင်ငံတော် သမ္မတ၏ မေတ္တာစေတနာကို ထင်ဟပ် ဖော်ပြသည့် အနေဖြင့် ၎င်းတို့အား ကျခံနေရသော ပြစ်ဒဏ် အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး အကျဉ်းထောင်မှ လွှတ်ပေးရေးကို အလေးထား စဉ်းစားပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်စွဲပါ အိပ်ဖွင့်စာဖြင့် မေတ္တာရပ်ခံ တင်ပြခဲ့ပါသည်။
၂။ နိုင်ငံတော် သမ္မတကြီး အနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကျဉ်းကျနေသူ ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသဖြင့် များစွာ အားရ ကျေနပ်မိပါသည်။
၃။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးအတွက် အထက်ပါကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကို လည်းကောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းကို လည်းကောင်း၊ ပြည်တွင်းပြည်ပမှ ထောက်ခံ ကြိုဆိုခဲ့ကြသည့်ကို တွေ့ရှိရ ပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်မရှင်၏ အခန်းကဏ္ဍကိုလည်း ပိုမို စိတ်ဝင်စားကာ အသိအမှတ် ပြုလာကြသည်ဟု ယူဆရပါသည်။
၄။ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျသူများအနက် အချို့မှာ နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သူများ ပါဝင် သော်လည်း ၎င်းတို့ အကျဉ်းကျနေခြင်းသည် တည်ဆဲဥပဒေကို ချိုးဖောက်သဖြင့် ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်သည် ဟူသော နိုင်ငံတော် အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်အနေဖြင့် လက်ခံ သဘောပေါက်ပါသည်။ တစ်ဖက် တွင်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အချို့သော နိုင်ငံတို့က မြန်မာနိုင်ငံတွင် "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ" ("Prisoners of Conscience") ဟု ဖော်ညွှန်းသော အကျဉ်းကျနေသူ ၂၀ဝ၀ နီးပါး ရှိသည်ဟု ပြောကြားမှုများ ရှိပါသည်။ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည့် အကျဉ်းသား ၆၃၅၉ ဦးအနက် အဆိုပါ စာရင်းဝင် အကျဉ်းသား ၂၀ဝ ကျော်ခန့် ရှိသည်ဟုလည်း ပြောဆိုလျက် ရှိပါသည်။
၅။ မြန်မာနိုင်ငံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်မရှင် အနေဖြင့် ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများသို့ မေးမြန်းစုံစမ်း ခဲ့ရာတွင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများသည် အနောက် နိုင်ငံ အချို့နှင့် အခြား သတင်းရင်းမြစ် ဌာနများမှ ၂၀ဝ၀ နီးပါး ရှိသည်ဟုဆိုသော စာရင်းကို တောင်းယူပြီး အကျဉ်းကျနေသူများ စာရင်းနှင့် တိုက်၍ စစ်ဆေးရာတွင် ထိုစာရင်းအနက် အကျဉ်းထောင်များတွင် ၅၀ဝ ခန့်သာ ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ၅၀ဝ ခန့်အနက် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ၂၀ဝ ကျော် လွှတ်ပေးခဲ့သည်ကို သိရှိရပါ သဖြင့်လည်း များစွာ ကျေနပ်ဝမ်းမြောက် မိပါသည်။
၆။ အဆိုပါ ကျန်ရှိသည့် အကျဉ်းကျ နေသူများ အပြင် နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်း သာယာရေးကို ထိပါးမည့်၊ တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးမည့် အန္တရာယ် မရှိနိုင်သော အကျဉ်းသားများကို ထပ်မံ လွှတ်ပေးခြင်းဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ၎င်းတို့ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ကြမည့်အပြင် အမျိုးသား စည်းလုံး ညီညွတ်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယူဆပါသည်။
၇။ သို့ပါ၍ နိုင်ငံတော်သမ္မတ၏ စေတနာကို ထင်ဟပ်ဖော်ပြသည့် အနေဖြင့် နောက်တစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပြုသည့်အခါ အထက်ဖော်ပြပါ အကျဉ်းသားများကို အပြစ်ဒဏ် အသီးသီးမှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး အကျဉ်းထောင်မှ လွှတ်ပေးရေးကို အလေးထား စဉ်းစားပေးပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်မရှင် အနေဖြင့် ထပ်မံ မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။
၈။ အကျဉ်းကျခံ နေရသူများအနက် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် လိုအပ်ချက်အရ လွတ်ငြိမ်း ချမ်းသာခွင့်တွင် ထည့်သွင်းမပေး နိုင်သေးသည့် သူများ ရှိပါကလည်း ထိုသူများသည် မိသားစုနှင့် ဝေးလံသည့် ဒေသရှိ အကျဉ်းထောင် များတွင် ကျခံနေသူများ ဖြစ်ပါက မိသားစု တွေ့ဆုံနိုင်ရန် သွားလာ၍ လွယ်ကူသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ ပေးနိုင်ပါရန်လည်း စဉ်းစားပေးပါရန် တင်ပြအပ်ပါသည်။
ရိုသေလေးစားစွာဖြင့်
ပုံ(ဝင်းမြ)
ဥက္ကဋ္ဌ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကောင်မရှင်(ကိုယ်စား)
ရက်စွဲ၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
နေရာ၊ ရန်ကုန်မြို့။